21
သူ့လက်မောင်းများကို မြှောက်ပြီး ပုဆိန်ကို အလွယ်တကူပင် မကာ ထိုးသွင်းလိုက်သည်။ ပုဆိန်အသွားက ထိုသတ္တဝါ၏ ရင်အုပ်သို့ နက်ရှိုင်းစွာ စိုက်ဝင်သွား၏။ သို့သော် တုံ့ပြန်သည့်အနေဖြင့် အဝါရောင်သွားနှင့် အစွယ်များက သူ့ လက်မောင်ကို ကိုက်ချလိုက်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။ ထိိတ်လန့်စရာကောင်းသည့် နာကျင်မှုက တစ်ကိုယ်လုံး ပျံ့နှံ့သွား၏။ သူ့ လက်မောင်းကို ပြန်ဆုတ်လိုက်သည်။ လက်မောင်းမှ သွေးများ တရဟောထွက်နေစဥ် ပုဆိန်ကို မရသည်မှာ ခက်ခဲသော်လည်း ရအောင်မလိုက်၏။ ဝံပုလွေကြီးမှာ Durotan ဆီကိုသာ အာရုံစိုက်နေသည်။ သူ့ မျက်လုံးများက Durotan ကို စိုက်ကြည့်ပြီး ပါးစပ်ကို ဖွင့်ကာ ဟိန်းဟောက်သည်။ သူ့ ဝင်သက်ထွက်သက်က အသားပုပ်စော် နံနေသည်။
ထိုအချိန်ခဏလေး၌ ဝံပုလွေကြီးက ကြီးမားသည့် မေးရိုးများဖြင့် သူ့ကို ကိုက်ခဲရန်ပြင်နေစဥ် Durotan က ကျယ်လောင်သည့် စစ် ဟစ်ကြွေးသံကို ကြားလိုက်ရသည်။ လျင်မြန်ဖျတ်လတ်သည့် လှုပ်ရှားမှုတစ်ခုကို သူ့ မျက်လုံးထောင့်မှ တွေ့လိုက်ရသည်။ Draka က သားရဲကောင်ကို ခုန်အုပ်လိုက်၏။ ရှည်လျားကာ တန်ဆာဆင်ထားသည့် လှံကြီးက ဝံပုလွေထံ ဦးတည်လျက်။ ခန္ဓာကိုယ် အလယ်ပိုင်းကို လှံဖြင့် ထိုးစိုက်ခြင်း ခံလိုက်ရသော် ဝံပုလွေကြီး၏ဦးခေါင်းမှာ ဆတ်ခနဲ ဖြစ်သွားသည်။ ထိုသို့ အာရုံလွဲသွားသည့်ခဏ၌ Durotan က ပုဆိန်ကို ကောက်ကိုင်လိုက်ကာ ရှိသမျှ အားအကုန်သုံး၍ စိုက်ချလိုက်သည်။ ပုဆိန်သွားမှာ ထိုတိရစ္ဆာန်၏ ကိုယ်ထဲသို့ နက်နက်ရှိုင်းရှိုင်းဝင်သွားကြောင်း သူ ခံစားလိုက်ရသည်။ ဟိုးအထဲထိ နက်သထက် နက်စွာ ဝင်သွားရာ တော်ရုံ ပြန်ဆွဲမထုတ်နိုင်လောက်သည် အထိ ဖြစ်သွား၏။
သူ ဟောဟဲလိုက်ကာ နောက်ပြန်ဆုတ်လိုက်သည်။ Draka က သူ့ဘေးတွင် ရပ်နေ၏။
Draka ၏ နွေးထွေးမှု၊ အားအင်နှင့် အမဲလိုက်ရာတွင် သူ့လောက်နီးနီး အားကြီးသော ရူးသွပ်မှုတို့ကို သူခံစားလို့ရသည်။ သူတို့ သတ်ဖြတ်လိုက်သည့် သားရဲကို တူတူကြည့်လိုက်ကြသည်။ အတွေ့အကြုံရှိသည့် မုဆိုး အတော်များများ ပူးပေါင်းနှိမ်နှင်းမှ ရသည့် သတ္တဝါကြီး၏ အလစ်တိုက်ခိုက်မှုကို ခံလိုက်ရသော်ငြား သူတို့ အသက်ရှင်နေသေးသည်။ သူတို့၏ ရန်သူမှာ သေဆုံးနေလေပြီ။ သူ့အောက်တွင် Durotan ပုဆိန်ဒဏ်ကြောင့် နှစ်ခြမ်းကွဲနေသည့်နေရာမှ သွေးများ အိုင်ထွန်းနေ၏။ Draka လှံမှာ သူ့ နှလုံးတည့်တည့်မှ ထိုးထွက်နေသည်။ သူတို့နှစ်ယောက်ထဲမှ ဘယ်သူ့လက်ချက်ကြောင့် သေဆုံးသွားမည် သူ ဘယ်တော့မှ သိမည်မဟုတ်ကြောင်း Durotan သဘောပေါက်လိုက်သည်။ ထိုအတွေးက သူ့ကို အဓိပ္ပာယ်မရှိ အလွန်ပျော်ရွှင်စေ၏။
သူ အားပါးတရ ထိုင်ချလိုက်သည်။
Draka က သူ့လက်မောင်း ပေါက်ပြဲနေသည့်နေရာ မှ သွေးများကို အလျင်အမြန် ဆေးကြောပေးနေသည်။ ဆေးနေရင်းနှင့် ပိုထွက်လာသော သွေးများကြောင့် စိုးရိမ်စွာ ရေရွတ်နေ၏။ သူ့ကို ဆေးများလိမ်းပေးကာ ပတ်တီးကို တင်းကြပ်စွာ စည်းပေးသည်။ ထို့နောက် ခါးသက်သည့် ဆေးရွက်များကို ရေဖြင့်ရောကာ သောက်ခိုင်းသည်။ ခဏကြာသော် မူးဝေဝေဖြစ်နေခြင်းများ ပျောက်ကင်းသွား၏။
"ကျေးဇူးပါပဲ" သူက တိတ်ဆိတ်စွာ ပြောသည်။
Draka က သူ့ကို မကြည့်ဘဲ ခေါင်းညိတ်သည်။ ထို့နောက် သူ့ နှုတ်ခမ်းထောင့်မှ အပြုံးသေးသေးလေး ထွက်လာ၏။
" ဘာကရယ်စရာပါလို့လဲ? ကျွန်တော်မတ်တတ်မရပ်နိုင်တာ ရယ်ရလား"
သူ ရည်ရွယ်သည်ထက် ပို၍ သူ့အသံမာသွားရာ Draka က လန့်သွားဟန်ဖြင့် အမြန် မော့ကြည့်လိုက်သည်။
" လုံးဝ မဟုတ်ပါဘူး။ ရှင် တော်ပါတယ် Durotan ။ အဲ့ဒီလို အကိုက်ခံရပြီးရင် တော်တော်များများက ပုဆိန်ကို လွှတ်ချလိုက်မိကြမှာ"
သူ့စကားကြောင့် Durotan မှာ ထူးဆန်းစွာ ကျေနပ်သွား၏။ မြှောက်ပြောခြင်းမဟုတ်ဘဲ ယုတ္တိရှိသည့် စကားကို ပြောသည်။
" ဒါဆို.. ဘာလို့ရယ်တာလဲ"
Draka က ရယ်ကာ သူ့မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
" ရှင်မသိတဲ့ အရာတစ်ခုကို ကျွန်မသိတယ်.. ဒါပေမယ့်... ဒီလိုဖြစ်ပြီးမှတော့... ပြောပြရင် ကောင်းမယ်ထင်တယ်"
သူ ပြုံးမိသည်။ " ဂုဏ်ယူရမှာပေါ့"
" မနေ့က ကျွန်မ အသက်မပြည့်ဘူးလို့ ပြောခဲ့တယ်"
" ဟုတ်တယ်လေ"
"အင်း... အဲ့ဒါပြောတုန်းက ကျွန် အသက်ပြည့်တော့မှာမှန်း သိနေခဲ့တယ်"
" သိပါပြီ.." သူ သိပ်နားမလည်သော်လည်း ပြောလိုက်သည်။
" အဲ့ဒါဆို... ဘယ်တော့ အသက်ပြည့်မှာလဲ?"
Draka အပြုံးက ပိုထင်းသွားသည်။ "ဒီနေ့ပဲ" သူက ရိုးရှင်းစွာ ပြောလိုက်၏။
Durotan သူ့ကို အကြာကြီး ငေးကြည့်နေမိသည်။ ထို့နောက် ဘာစကားမှ မပြောဘဲ သူ့ကို ရင်ဘတ်ထဲဆွဲသွင်းကာ နမ်းရှိုက်လိုက်သည်။
Ore တို့ကို Talgath လေ့လာနေသည်မှာ အတန်ကြာပြီဖြစ်သည်။ သို့သော် သူတို့၏ ကာမစပ်ယှက်သော အမူအကျင့်က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသောကြောင့် သူ နှုတ်ထွက်လိုက်ပြီ။ man'ari ဖြစ်ရတာက ပိုကောင်းသည်။ သားရေလို အတောင်ပံနှင့် အမြှီးများရှိသည့် အမများမှာ လွဲ၍ man'ari တို့သည် တဏှာရာဂကို ရက်စက်ကြမ်းကြုတ်မှုများဖြင့်သာ ဖြေဖျောက်ကြသည်။ သံဝါသ ပြုခြင်းဖြင့်မဟုတ်ပေ။ သူက ထိုနည်းကို သာ သဘောကျသည်။ ထိုနှစ်ယောက်ကိုလည်း ထိုနေရာတွင်ပင် သတ်ပစ်လိုက်ချင်သော်လည်း သူ့သခင်က ကြားဝင်စွက်ဖက်ခြင်းမပြုရန် ရှင်းရှင်းပြောထားခဲ့သည်။ ထိုနှစ်ယောက် အဖွဲ့သို့ ပြန်မသွားနိုင်တော့လျှင် သံသယဖြစ်စရာများ ဖြစ်လာပေမည်။ ထိုနှစ်ယောက်မှာ သူ့အတွက်တော့ ယင်ကောင်မျှလောက်ပင် အရေးမကြီးသော်လည်း ထိုယင်ကောင်များက ပြဿနာဖြစ်လာနိုင်သည်။ Kil'jaden က သူ့ကို လေ့လာပြီး ပြန်တင်ပြရန်သာ အလိုရှိသည်။ Talgath ကလည်း ထိုသို့သာ လုပ်ပေမည်။
လက်စားချေခြင်း သည် အပင်ပေါ်မှ မှည့်၍ ကြွေကျခါနီးဖြစ်သည့် သစ်သီးတစ်လုံးကဲ့သို့ Kil'jaden အတွက် ချိုမြိန်လှသည်။ သင်းကွဲ Eredar တို့ကို ခြေရာခံခဲ့သည့် နှစ်ပေါင်းများစွာ တစ်လျှောက်တွင် Kil'jaden သံသယဝင်ခဲ့သည့် ကာလများရှိခဲ့ဖူးသည်။ Talgath က သူသိထားသမျှကို ပြန်မျှဝေလေလေ Kil'jaden မှာ ပို ယုံကြည်မှုရှိ၍ ဝမ်းမြောက်လာလေလေပင်။
Talgath က သူ့ကို တာဝန်ကျေခဲ့၏။ တစ်ခါက သိပ် အင်အားကြီးခဲ့ဖူးသည့် Velen နှင့် လက်တစ်ဆုပ်စာမျှ ရှိသော သူ့နောက်လိုက်တို့ တည်ထောင်ထားသည့် သနားစရာ "မြို့" ဟု ခေါ်တွင်ရသည့်အရာလေးများကို သူ မြင်ခဲ့ပြီ။ သူတို့ ဘယ်လိုနေထိုင်ကြသည်၊ Ores ဟု ခေါ်သည့် သတ္တဝါများကဲ့သို့ ကိုယ်တိုင် အမဲလိုက်နေရပြီး သူတို့ လက်များဖြင့် မြေကြီးပေါ်တွင် ကောက်ပဲသီးနှံများ စိုက်ပျိုးနေကြရသည်ကို သူ တွေ့ခဲ့ရပြီ။ သူတို့ကို ရယ်ရလောက်အောင် မဖွံ့ဖြိုးသည် လောကဝတ်တို့ဖြင့် ဆက်ဆံသော စာမတတ်ပေမတတ် ဧရာမ သတ္တဝါကြီးများဖြင့် ကုန်ကူးသန်းနေရသည်ကို သူမြင်ခဲ့ပြီ။ အနည်းငယ်ရှိနေသေးသည့် ကြီးကျယ်ခမ်းနားခြင်းများနှင့် ကန့်သတ်ထားသည့် နည်းပညာတချို့ကို Talgath ခံစားမိသည်။ သို့သော် အကုန်ခြုံလိုက်လျှင် Kil'jaden တစ်ယောက် သူ့မိတ်ဆွေဟောင်းကြီး မည်မျှ နိမ့်ပါးသွားကြောင်း မြင်ရသဖြင့် ကျေနပ်မည်ဟု Talgath သိနေသည်။
"Draenei" ယခု သူတို့ကိုယ် သူတို့ ထိုသို့ခေါ်သည်။ ပြည်နှင်ဒဏ်ခံရသူများ ။ သူတို့ ကမ္ဘာကို Dracnor ဟု အမည်ပေးထားသည်။
Kil'jaden က Velen ကိုယ်တိုင်ထက် Ore တို့အကြောင်းကို ပိုသိချင်နေသောအခါ Talgath စိတ်ရှုပ်သွားကြောင်း Kil'jaden သိလိုက်သည်။ သူတို့ ဘယ်လို စုစည်းထားသလဲ? သူတို့ ရိုးရာဓလေ့တွေက ဘာတွေလဲ? သူတို့ ခေါင်းဆောင်တွေက ဘယ်သူလဲ ပြီးတော့ ခေါင်းဆောင်ကို ဘယ်လိုရွေးကြလဲ? သူတို့ တစ်ဖွဲ့လုံးအတွက် တစ်ဦးတစ်ယောက်ချင်းအတွက် ဘာတွေက အရေးကြီးသလဲ?
သို့သော် Talgath အလုပ်မှာ တင်ပြရန်သာ ဖြစ်ပြီး တန်ဖိုးတွက်ထုတ်ပြရန်မဟုတ်ပေ။ သူ့သခင် မေးသမျှကို သူ တတ်နိုင်သမျှ ဖြေခဲ့ပြီးပြီ။ Talgath သိသမျှအကုန်လုံး ကို Kil'jaden သိပြီးသောအခါ - ပထမဆုံး အမဲလိုက်ပြီးနောက် မိတ်လိုက်နေကြသည့် အကောင်နှစ်ကောင်၏ နာမည်များကိုပါ သိပြီးသောအခါ Kil'jaden စိတ်ကျေနပ်သွား၏။ အနည်းဆုံးတော့ ထိုခဏတွင် စိတ်ကျေနပ်သွားခဲ့သည်။
နောက်ဆုံးတွင်တော့ သူ လက်စားချေရတော့မည်။ Velen နှင့်တကွ နောက်မှပေါ်သည့် ရွှေကြာပင်များဖြစ်သည့် သူ့နောက်လိုက်တို့ အပြစ်ပေးခြင်းခံရတော့မည်။ သို့သော် ယခုချက်ချင်းတော့မဟုတ်။ ကျွမ်းကျင်ကောင်းမွန်လှသည့် eredar စစ်တပ်ကြီးများဖြင့် သူတို့ကို သွေးချောင်းစီးအောင် ချေမှုန်းပစ်မည် မဟုတ်။ အလွန် သက်ညှာရာရောက်နေလိမ့်မည်။ Kil'jaden က သူတို့က သေစေချင်သည် ဟုတ်ပါသည်။ သို့သော် သူတို့ကို ပြိုကွဲသွားစေချင်သည်။ အရှက်တကွဲ အကျိုးနည်းဖြစ်စေချင်သည်။ ခြေဖဝါးအောက်က အင်းဆက်တစ်ကောင်ကဲ့သို့ လုံးဝဥဿုံ ချေမွပျက်စီးစေချင်သည်။
ပြီးတော့ ယခု သူ ဘယ်လိုလုပ်ရမည်ကို အတိအကျ သိနေလေပြီ။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl