18
Drek'Thar ပြောပြသည့် ဇာတ်ကြောင်းအရဆိုလျှင် ကျွန်တော်တို့ သမိုင်းတစ်လျှောက်လုံး၌ ဒီအချိန်သည် နွေဦးကာလ၏ သာယာသော နေ့တစ်နေ့လိုပင်ဖြစ်သည်။ ကျွန်တော်တို့ Ore များတွင် လိုသမျှ အကုန်ရှိသည်။ သာယာလှပသော ကမ္ဘာ၊ လမ်းပြဦးဆောင်ပေးမည့် ဘိုးဘေးများ၊ လိုအပ်လျှင် လိုသလို ကူညီပေးမည့် အရာများ။ စားသောက်စရာများလည်း ပေါများသည်။ ကျွန်တော်တို့၏ ရန်သူများမှာ ရက်စက်သော်လည်း အနိုင်မခံအရှုံးမပေးသူများတော့ မဟုတ်ပေ။ ကျွန်တော့်တို့မှာ ကောင်းကျိုးများဖြင့်သာ ပြည့်နေ၏။ Draenei တို့သည် သေချာပေါက် ကျွန်တော်တို့၏ မဟာမိတ်များသာမဖြစ်ခဲ့လျှင် ဘာမှ ဖြစ်မည်မဟုတ်ပေ။ ဘယ်တော့မဆို တောင်းဆိုလိုက်သည့်အခါတိုင်း Draenei တို့က သူတို့ အသိပညာများနှင့် ဆုလာဘ်များအား မျှဝေပေးခဲ့သည်။ ကျွန်တော်တို့ Ore များကသာ ထိန်ချန်ထားခဲ့ခြင်းဖြစ်သည်။ ပြီးတော့ တခြားတစ်ဖက်သို့ တာဝန်ထမ်းဆောင်ရန် အမှတ်တမဲ့ အလိမ်ခံလိုက်ရသူများမှာလည်း ကျွန်တော်တို့ Ore များပင်ဖြစ်သည်။
အမုန်းတရားက အင်အားကြီးသည်။ အမုန်းတရားက ထာဝရတည်မြဲနိုင်သည်။ အမုန်းတရားက ကြိုးကိုင်ခြယ်လှယ်နိုင်သည်။
ပြီးတော့ အမုန်းတရားကို ဖန်တီးယူ၍လည်း ရနိုင်သည်။
သိသာထင်ရှားသော၊ ထာဝရရှင်သန်သော၊ မအိုမင်းနိုင်သော Kil'jaden က အမှောင်ထဲတွင် ရှင်သန်နေသည်။ အစွမ်းများက သူ့ကိုယ်ထဲတွင် တဟုန်ထိုးတက်ကာ တစ်ကိုယ်လုံး တဒုတ်ဒုတ်မြည်နေသည်။ ထိုအစွမ်းများမှာ သွေးထက် ပိုမိုကောင်းမွန်ပြီး အသားများ သောက်စရာများထက် ပိုအားပြည့်စေ၏။ တစ်ချိန်တည်းမှာပင် မြူးကြွစေပြီး စိတ်ငြိမ်စေသည်။ သူက အနန္တတန်ခိုးရှင်တော့ မဖြစ်သေးပါ။ ဖြစ်ပြီဆိုပါကလည်း ရှိသမျှ လောကအားလုံးကို စစ်မတိုက်ရဘဲ အတွေးတစ်ချက်နှင့်ပင် ပျက်စီးစေမည်ဖြစ်သည် သို့သော် ယခု သူ ကျေနပ်နေပါသည်။
သို့သော်ငြား ပြည်နှင်ဒဏ်ခံရသူများကတော့ အသက်ရှင်နေဆဲပင်။ အချိန်ကို မှီခိုနေရဆဲဖြစ်သူများအပြောအရ ရာစုနှစ်များစွာ ကြာခဲ့ပြီးဖြစ်သော်လည်း Kil'jaden က သူတို့ကို အာရုံခံလို့ရဆဲပင်။ သူတို့ ပုန်းနေကြသည်။ Velen အပါအဝင်တခြား ပြည်နှင်ခံရသူ အရူးများ။ သူနှင့် Archimonde ကို ထိပ်တိုက်ရင်ဆိုင်ရန် သူရဲဘောကြောင်နေကြသူများဖြစ်သည်။ သူနှင့်အတူတူ ပြောင်းလဲမှုများမတိုင်မီ သာမန်သက်ရှိများဖြစ်နေတုန်းကတည်းက သူငယ်ချင်းရော မဟာမိတ်အဖြစ်ပါ အလုပ်လုပ်ခဲ့ကြသူများဖြစ်ခဲ့သည်။
သူ၊ Archimonde နှင့် အခြားသူများက သူတို့ကိုယ်သူတို့ "credar" ဟု မခံယူကြတော့ပေ။ Velen က သူတို့ကို "man'ari" ဟုခေါ်သော်လည်း သူတို့ကတော့ သူတို့ကိုယ်သူတို့ "Burning Legion" ဟု ခေါ်ကြသည်။ Sargeras ၏ စစ်တပ်။ အရွေးချယ်ခံထားရသူများပင် ဖြစ်သည်။
သူက ရှည်လျား ကြော့ရှင်းကာ ကုတ်ခြစ်ခြင်းခံထားရ၍ နီရဲနေသည့်လက်ကို ဘာမျှမရှိသည့်နေရာသို့ ဆန့်ထုတ်လိုက်သည်။ ထိုအရာကပင် အရာအားလုံးဖြစ်ပြီး တစ်ခုခုကိုထိတွေ့လိုက်ရသဖြင့် လှိုင်းတွန့်များကို ခံစားလိုက်ရ၏။ ရန်သူများ လွတ်သွားသည့် အချိန်ကစပြီး ထောက်လှမ်းရန် ကင်းထောက်များကို စေလွှတ်ခဲ့သည်။ ဘာသတင်းမှ မရဘဲ အရှုံးဖြင့်သာ ပြန်လာတတ်သော ကင်းထောက်များ။ Archimonde ကမူ သူတို့ကို သတ်ပစ်စေချင်သော်လည်း Kil'jaden က နောက်တစ်နည်း စဥ်းထားလိုက်သည်။ ကြောက်လန့်ကာ ထွက်ပြေးသွားသူများကတော့ ခံသင့်သည်။ သို့သော် ရရှိမည့်ဆုများနှင့် သခင်၏ အသိအမှတ်ပြုမှုကို ဆာလောင်နေသူများကတော့ ဆက်နေလိမ့်မည်။ သူမကြိုက်သည့်အရာများကို သိအောင် ကြေငြာပြီးသည့်နောက်တွင် Kil'jaden က ကျရှုံးသူများအား ဒုတိယ အခွင့်အရေးပေးလေ့ရှိသည်။ တစ်ခါတစ်ရံ သူ့ကို စိတ်ပျက်အောင် တမင်လုပ်နေခြင်းမဟုတ်ဘဲ အတတ်နိုင်ဆုံး ကြိုးစားနေသည်ဟု သူထင်သူများကိုမူ တတိယအခွင့်အရေးပင် ပေးလေ့ရှိ၏။
Archimonde ကတော့ Kil'jaden ကို ဝါးမြိုနေသည့် ထို အစွဲအလမ်းကြီးကို သဘောမတူပါချေ။
"ငါတို့ ချေမှုန်းဖျက်ဆီးပစ်ရမယ့် ကမ္ဘာတွေ အများကြီးရှိသေးတယ်။ ငါတို့ သခင် Sargeras အလိုရှိတဲ့အတိုင်း အမှုထမ်းရဦးမယ် " Archimonde က မကျေမနပ် ပြော၏။
သူ့အသံထွက်လာသည်နှင့် အမှောင်ထုက သူတို့နားတွင် ပိုမိုသည်းလာ၏။
"အဲ့ဒီ့အရူးကို လွှတ်ထားလိုက်စမ်းပါ။ သူ့ တန်ခိုးတွေကို ခြိမ်းခြောက်စရာဖြစ်လာတဲ့အထိ သူသုံးနေရင် ငါတို့ အာရုံခံမိမှာပဲလေ။ သူ တန်ဖိုးထားစရာ ဘာမှ မရှိတဲ့ ကမ္ဘာတစ်ခုခုမှာ ဆွေးမြေ့ပြီး သေပါစေ"
Kil'jaden က သူ့ခေါင်းကြီးကို လှည့်ကာ Archimomde ကို ကြည့်လိုက်သည်။
" ဒါက သူ့ကို တန်ဖိုးမဲ့သွားအောင်ပဲ လုပ်မယ့် ကိစ္စမဟုတ်ဘူး" Kil'jaden က ရှူးရှူးရှားရှား ပြောသည်။
"သူ့ကိုရော သူ့နောက်ကို လိုက်သွားရလောက်အောင် ရူးတဲ့သူတွေကိုရော ဖျက်စီးပစ်မယ့် ကိစ္စ၊ သူ အယုံအကြည်ကင်းမဲ့ခဲ့လို့၊ ခေါင်းမာခဲ့လို့ သူ့ကို ချေမှုန်းပစ်မယ့် ကိစ္စ၊ ငါတို့အတွက် အကောင်းဆုံးဖြစ်မယ့် အရာကို ငြင်းဆန်ခဲ့လို့ "
ကုတ်ခြစ်ရာများရှိပြီး ကြီးမားသည့်လက်ကြီးကို လက်သီးဆုပ်လိုက်ရာ လက်သည်းများက လက်ဖဝါးထဲ စိုက်ဝင်သွား၏။ ချော်ရည်ပူ မီးတောက်များက ရှေ့သို့ သွန်ကျလာကာ လေနှင့်ထိတွေ့သည့်အခါမှ ထူထဲသော ခေါင်လို အမာရွတ်အကြီးကြီးတစ်ခုဖြစ်ပြီး ရပ်တန့်သွားသည်။ Kil'jaden တစ်ကိုယ်လုံးသည် ထိုသို့သော အရှိုးရာများနှင့် ပြည့်နှက်နေကာ သူက အလွန်ဂုဏ်ယူလေ့ရှိသည်။
Archimonde သည် စွမ်းအားကြီးကာ ရည်မွန်ပြီး ပြေပြစ်၍ ဉာဏ်ကောင်းပါသည်။ သို့သော် သူ့ထံတွင် Kil'jaden စိတ်ထဲမှာ တေးမှတ်ထားသလိုမျိုး အကြွင်းမဲ့ ဖျက်စီးပစ်လိုသည့် ဆန္ဒမရှိပါ။ သူက ထိုအကြောင်းကို အကြိမ်ကြိမ်ရှင်းပြခဲ့ပြီးဖြစ်ရာ ယခုအခါတွင်လည်း သက်ပြင်းသာချမိပြီး နောက်တစ်ခါ ထိုအကြောင်းနှင့် ဆက်စပ်၍ ထပ်မပြောမိရန်သာ တွေးလိုက်တော့၏။ သူတို့ ဒီပြဿနာကို ငြင်းခုံခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ နောက်ထပ် ရာစုနှစ်များစွာလည်း ထပ်ငြင်းနေရဦးမည်ထင်သည်။ Kil'jaden တစ်ယောက် တစ်ခါက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်ခဲ့ဖူးသည့် Velen ကို ချေမှုန်းဖို့ အောင်မြင်သည့်အခါမှ ပြီးပေလိမ့်မည်။ ဒါပဲ ဖြစ်မယ် ထင်သည်။ Kil'jaden တွေးနေရင်း ရုတ်တရက် သဘောပေါက်သွားသည်။ Archimonde အနေဖြင့် Velen သည် ပုံမှန် Eredar ခေါင်းဆောင် လုပ်ဖော်ကိုင်ဖက် အနေနှင့်ကလွဲပြီး တခြား ဘာခံစားချက်မှ မရှိခဲ့ပါ။ Kil'jaden ကမူ Velen ကို ညီအစ်ကိုလိုချစ်ခင်ခဲ့သည်။ ထိုမျှပင်မကသေး။ သူနှင့် အတူတူလိုပင် သဘောထားကာ ချစ်ခင်ခဲ့သည်။
ထို့နောက်...
နောက်တစ်ခေါက် လက်ကြီးကို အံကြိတ်ကာ တင်းတင်းဆုပ်လိုက်သည်။ သွေးများအစား မသန့်စင်သည့် မီးတောက်များက ထပ်၍ထွက်လာသည်။
မဟုတ်သေးပါ။
Velen တစ်ယောက် နုံချာသည့် ကမ္ဘာတစ်ခု၌ သူ၏ ထိခိုက်ထားသော မာနကို တေးမှတ်ကာ ဂူတစ်ဂူဂူ ထဲတွင် ပုန်းအောင်း နေထိုင်နေရသည့်အဖြစ်ကို တွေးကြည့်လျှင်ပင် Kil'jaden အတွက် မလုံလောက်သေး။ သူ သွေးလိုချင်သည်ဟု တစ်ခါက ပြောခဲ့ဖူးပေမည်။ သို့သော် သွေးများက အစွမ်းရှိသော်လည်း ယခု သူ့ကို စိတ်ကျေနပ်စေမည် မဟုတ်တော့ပါ။ ယခု သူ အလိုရှိသည်မှာ အရှက်တကွဲ အကျိုးနည်းကာ လုံးဝရစရာမရှိအောင် ဖြစ်ပျက်ခြင်း၏ အနှစ်သာရပင်ဖြစ်သည်။ ထိုအရာသည် Velen နှင့် သူ့နောက်လိုက် အရူးများထံတွင် စီးဆင်းနေသည့် ကြေးနီအရသာ သွေးထက်ပင် ပိုမို ချိုမြိန်ပေလိမ့်မည်။
Archimonde က ခေါင်းကို ငဲ့စောင်းလိုက်သည်။ Kil'jaden မြင်ဖူးနေကျ ဟန်ပန်ပင်ဖြစ်၏။ သူ့အစေခံများထဲမှ တစ်ယောက်က သူ့ကို စကားပြောနေခြင်းပင်။ Archimonde တွင်လည်း သူ့ကိုယ်ပိုင် အကြံအစည်နှင့် အစီအစဥ်များရှိသည်။ Kil'jaden လိုပင် သူတို့ အမှောင်သခင်ကြီး၏ အဆုံးစွန်သော အောင်နိုင်ခြင်း အတွက် တာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ စကားတစ်ခွန်းမှမပြောဘဲ Archimonde က ထရပ်လိုက်သည်။ သူ့ ခန္ဓာကိုယ်ကြီးနှင့် ယှဥ်လျှင် သူ့လှုပ်ရှားမှုများက သွက်လက် ကြော့မော့နေ၏။
ထိုအချိန်တွင် ခေါင်းထဲမှ ကုတ်ခြစ်သံ တိုးတိုးလေးကို Kil'jaden ကြားလိုက်ရ၏။ သူ ချက်ချင်း တန်းသိလိုက်သည်။ သူ့ ညာလက်ရုံး Talgath က ဆက်သွယ်နေခြင်းပင်။ ထိုအတွေးမှနေ ဆင့်ပွားလာသော ခံစားချက်သည် သူ သတိတရ မျှော်လင့်နေသော မျှောလင့်ချက်ဖြစ်၏။
" ဘာအကြောင်းထူးလဲ မိတ်ဆွေ ပြောပါဦး " Kil'jaden က စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
" ကြီးမြတ်လှတဲ့ သခင်။ ကျွန်တော် မျှော်လင့်ချက် အမှားကြီး မပေးချင်ပါဘူး။ ဒါပေမယ့်... ကျွန်တော် သူတို့ကို ရှာတွေ့ပြီ ထင်တယ်"
စိတ် ဝမ်းမြောက်ခြင်းက သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွား၏။ သူ လိုက်နေရသည့်လူလိုပင် Talgath သည် သူ သတိရှိရသော လက်ပါးစေများထဲမှ တစ်ယောက်ပင်။ Kil'jaden ကိုယ်တိုင်ထက် ရာထူးအနည်းငယ်သာနိမ့်သော Talgath သည် ဤ ရာစုနှစ်များ အတွင်း သူ၏ သစ္စာရှိမှုကို သက်သေပြခဲ့ပြီး ဖြစ်သည်။ ဤမျှ အရေးကြီးသောအရာကို မသေချာ မရေရာဘဲ ပြောလိမ့်မည် မဟုတ်ပေ။
" ဘယ်မှာလဲ? ပြီးတော့ ဘာလို့ အဲ့ဒီ့လို ထင်ရတာလဲ"
"ရှေးကျပြီးတော့ သိပ်မထင်ရှားတဲ့ ကမ္ဘာငယ်လေး တစ်ခုရှိတယ်။ သူတို့ သုံးတတ်တဲ့ ထူးခြားတဲ့ မှော်ပညာကို အဲ့ဒီ့မှာ ကျွန်တော် အာရုံခံမိတယ်။ သူတို့ အဲ့ဒီ့နေရာမှာ သွားလာခဲ့ဖူးတယ်ဆိုတာ ဖြစ်နိုင်တယ်။ အရင်ကလည်း ဒီလိုမျိုးတွေ ဖြစ်ဖူးတယ်လေ"
Talgath က မြင်ရမည်မဟုတ်သော်လည်း Kil'jaden က ခေါင်းညိတ်လိုက်သည်။ "အတိတ်က တူညီတဲ့အရာတွေက စွဲကျန်နေသေးတယ် " သူအနည်းငယ် ပြုံးရင်း သူမြင်ဖူးသမျှ အာရုံခံနိုင်စွမ်းရှိသည့် သတ္တဝါတိုင်း သဘောတူညီလျှင် ပြုလုပ်တတ်သည့် ခေါင်းညိတ်ပြသော ဟန်ပန် အကြောင်း တွေးလိုက်သည်။
"မင်း အမှန်ပြောတာပဲ" သူလက်ခံလိုက်သည်။ Kil'jaden နှင့် သူ့တပ်ဖွဲ့များသည် Eredar တို့သုံးသည့် မှော်ပညာကို ခြေရာခံမိသည့် ကမ္ဘာတိုင်းသို့ ရောက်ခဲ့သည်မှာ အကြိမ်မနည်းတော့။ သို့သော် ရောက်သွားတိုင်း Velen နှင့် သူ့ အရူးနောက်လိုက်မျမှာ လက်မတင်ကလေး လွတ်သွားကြသည်သာပင်။
"ဒါပေမယ့် ငါ လက်မလျှော့ဘူး။ သူတို့ကို ရအောင်ရှာပြီး ငါ့ ရည်ရွယ်ချက်ဖြစ်မြောက်အောင် လှည့်ဖျားပစ်မယ်။ ပြီးတော့ ငါ့မှာ အဲ့ဒီ့လို လုပ်ဖို့ အချိန်တွေ မကုန်နိုင်အောင် ရှိတယ်"
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl