16
တောင်ခြေကိုသူတို့ရောက်သည့်အချိန်တွင် နေဝင်စပြုပြီဖြစ်သည်။ သူတို့ တောင်ခြေတွင် ညအိပ်မည်ဖြစ်ပြီး မနက်မှ တောင်တက်ကြမည်။ သူကိုယ်တိုင် အမဲလိုက်ထားသော talbuk ကို သားရေကို ခြုံကာ Durotan က အလျင်အိပ်ပျော်သွားသည်။ သူ အပြစ်ကင်းစင်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဥ် မိခင်ကြီး Kashur က သူ့ကို ကြင်ကြင်နာနာ ကြည့်နေလေ၏ ။ သူကိုယ်တိုင်ကတော့ ဘာအိပ်မက်မျှ မက်မည်မဟုတ်ပါ။ မနက်ဖြန်အတွက် အမြင်အာရုံများ ရလိုလျှင် သူ့စိတ် အလုံးစုံ သန့်ရှင်းနေမှ ဖြစ်ပေမည်။
တောင်တက်ရခြင်းသည် ရှည်ကြာ ပင်ပန်းသော ခရီးလမ်းဖြစ်သည်။ သာမန်တောင်တစ်တောင် တက်ရခြင်းထက် ပိုမိုပင်ပန်းလေသည်။ သူ၏ တောင့်တင်းခိုင်မာသော တောင်ဝှေးနှင့် Durotan ၏ သန်မာသော လက်အစုံကို ကျေးဇူးတင်မိလေ၏။ သို့သော် ဒီနေ့တွင် Kashur ခြေထောက်မှာ ပိုမို သန်မာနေကာ Durotan နှင့် တူတူတက်ရင်း အမောလည်းခံနိုင်နေသည်။ ဘိုးဘေးတို့က သူ၏ခန္ဓာကိုယ်ရှိ အင်အားကို သူတို့၏ စိတ်တန်ခိုးများပါ ထည့်ပေးပြီး သူ့အား အားအင်များပေးနေသလိုခံစားနေရ၏။
မြင့်မြတ်သော လိုဏ်ဂူ၏ ရှေ့တွင် သူတို့ ခေတ္တ ရပ်လိုက်ကြသည်။ ပြေပြစ်သော တောင်မျက်နှာပြင်၌ ပေါ်ထွက်နေသည့် တိကျသော ဘဲဥပုံဖြစ်သည်။ ဟိုး အရင့်အရင်တည်းကလိုပင် ကမ္ဘာမြေကြီး၏ ရင်ခွင်ထဲသို့ ဝင်လိုက်ရသလို Kashur ခံစားလိုက်ရ၏။ Durotan က သတ္တိအပြည့်ရှိနေသလိုပုံဖမ်းရန် ကြိုးစားသော်လည်း ကြောက်နေဟန်သာ ပေါ်နေလေသည်။ မိခင်ကြီး Kashur ကလည်း သူ့ကို ပြုံး၍ပင်မပြချေ။ သူကြောက်နေရမည်။ ကွယ်လွန်လေပြီးသည့် ရှေးဘိုးဘေးများက တွေ့ရန်တကူးတက တောင်းဆိုထားသော မြင့်မြတ်သည့် လိုဏ်ဂူကြီးထဲသို့ သူ ဝင်ရတော့မည်ဖြစ်သည်။ မိခင်ကြီး Kashur ပင်လျှင် မလှုပ်မယှက်နိုင် ဖြစ်နေ၏။
သူက စူးရှမွေးပျံ့သော အနံ့တစ်မျိုးထွက်သည့် မြက်ခြောက်တစ်ဆုပ်ကို မီးရှို့ကာ အငွေ့များကို သူ့ဘက်သို့ လှည့်ပေး၍ သူ့အား သန့်စင်ပေးသည်။ သူ့ဖခင်ကိုယ်တိုင် ထုတ်ပေးထားပြီး လယ်သာအိတ်သေးသေးလေးထဲ ဂရုတစိုက်ထည့်ထားသည့် သူ့ဖခင်၏ သွေးဖြင့် သူ့ကို အမှတ်အသားလုပ်ပေးလိုက်သည်။ Kashud ကအရေတွန့်ရှုပ်နေသော လက်များဖြင့် သူ၏ ချောမွတ်နေသော နဖူးပေါ်သို့ တင်ကာ တတွတ်တွတ်ကောင်းချီးပေးပြီးနောက် ခေါင်းကို ညိတ်လိုက်သည်။
" နတ်ဆရာ မလုပ်မယ့်သူမျိုးကို ဘိုးဘေးတွေက ခေါ်တယ်ဆိုတာ သိပ်ရှားမှန်း မင်းကောင်းကောင်းသိပါတယ် " သူက လေးလေးနက်နက်ပြောသည်။
Durotan ၏ အညိုရောင်မျက်လုံးများ ပြူးကျယ်သွား၍ ခေါင်းညိတိလိုက်သည်။
"ဘာတွေ ဖြစ်မလဲဆိုတာတော့ ငါမသိဘူး။ ဘာမှ ထူးထူးခြားခြား မဖြစ်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် တစ်ခုခုဖြစ်ခဲ့ရင်တော့ မြင့်မြတ်တဲ့ ဘိုးဘေးတွေကို ဘယ်လို လေးလေးစားစား တုံ့ပြန်ရမလဲဆိုတာ မင်းသိမှာပါ"
Durotan က တံတွေးမြိုချလိုက်ပြီး ခေါင်းထပ်ညိတ်လိုက်သည်။ သူ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်တာ မားမားမတ်နတ်ရပ်လိုက်သည်။ ကောင်ကလေး၏ ပျိုမျစ်သော ခန္ဓာကိုယ်ထဲ၌ ခေါင်းဆောင်ကောင်းဖြစ်လာမည့် လက္ခဏာများကို Kashur တွေ့လိုက်ရ၏။
နှစ်ယောက်စလုံး တူတူ ဂူထဲသို့ဝင်သွားကြသည်။ မိခင်ကြီး Kashur ကတော့ နံရံတွင် တန်းစီထားသည့် မီးတိုင်များကို မီးထွန်းညှိရန် ရှေ့မှသွား၏။ လိမ္မော်ရောင် မီးအလင်းက အောက်သို့တဖြည်းဖြည်း နိမ့်ဆင်းလာသည့် နှစ်လမ်းသွားလမ်းကို အလင်းပြပေးနေသည်။ လမ်းမှာ Ore တို့ခြေဗလာနှင့်ရော ဖိနပ်များနှင့်ပါ နှစ်ပေါင်းများသွားလာထားသောကြောင့် ချောမွေ့နေလေ၏။ တချို့နေရာများတွင်မူ ဂါရဝလာပြုသူများ ပိုမို အန္တရာယ်ကင်းစေရန် ခြေနင်းကွက်များ ထွင်းထုထားသည်။ ဤလှိုဏ်ခေါင်းထဲတွင် အစဥ်အေးနေတတ်သော်လည်း ဆောင်းရာသီ အအေးဒဏ်ထက်တော့ ပိုနွေးပါသည်။ Kashur က ဂူနံရံများကို သူ့လက်များနှင့် ပွတ်တိုက်ထိတွေ့ရင်း ဒီဂူထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့သည့်အချိန်ကို သတိရနေမိသည်။ မျက်နှာတွင် သူ့မိခင်၏ သွေးများစိုစွတ်လျက် မျက်လုံးများပြူးကျယ်ကာ အလွန် ရင်ခုန်ခဲ့ရသော အချိန်ပင်။
နောက်ဆုံးတွင်မူ ရှည်လျားသည့် လျှောစောင်းအဆုံးသို့ ရောက်လာ၏။ နံရံများတွင် တန်းစီထားသည့် မီးထပ်ထွန်းစရာ မီးတိုင်များမရှိတော့။ Durotan က ဇဝေဇဝါဖြင့် သူ့ကိုကြည့်လိုက်သည်။
" ဘိုးဘွားတွေ ရှေ့ကိုလာဖို့ ငါတို့ မီးထွန်းစရာမလိုဘူး" Kashur က ပြောလိုက်သည်။
ညီညာသော မြေမြင်ပေါ်၌ သူတို့ဆက်လျှောက်ကြရင်း အမှောင်ထဲသို့ တိုးဝှေ့သွားကြသည်။ Durotan ကြောက်တော့ မကြောက်ပါ။ သို့သော် သေချာမြင်ရအောင် မီးထပ်မထွန်းရသည့်အတွက်တော့ ကြောင်တောင်တောင်ဖြစ်နေလေသည်။
အခုတော့ လုံးဝ အမှောင်ကျနေလေပြီ။ Kashur က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လမ်းပြရန် Durotan လက်ကို ဆုပ်ကိုင်လိုက်သည်။ Durotan ၏ သန်မာ တုတ်ခိုင်သည့် လက်ချောင်းများက သူ့လက်ချောင်းများကို ညင်သာစွာ ပြန်လည် ဆုပ်ကိုင်ထားလိုက်သည်။
" အခုထိတောင် ငါ့လက်ကို ချုပ်ပြီးကိုင်ထားလို့ရသားနဲ့ နာမှာစိုးလို့ ဒီလိုကိုင်ထားတာပဲ " Kashur က တွေးလိုက်သည်။ Frostwolf အဖွဲ့၏ အနာဂတ်ခေါင်းဆောင်တွင် ညှာတာတတ်သော နှလုံးသား ရှိပေလိမ့်မည်။
သူတို့ စကားမပြောဘဲ ဆက်လျှောက်သွားကြသည်။ ထို့နောက်တွင် ညအမှောင်လွန်ပြီးနောက် အရုဏ်ဦးရောက်လာသလို သူတို့အနီး၌ အလင်းရောင်က သိမ်မွေ့စွာ လင်းလာ၏။ ယခုမူ သူ့ဘေး၌ ရပ်နေသူ၏ ကိုယ်ကို Kashur မှုန်မှုန်ဝါးဝါးမြင်ရပေပြီ။ သူ့ထက် အသက်အများကြီးငယ်ရွယ်သော်ငြား အရွယ်ရောက်ပြီး ယောက်ျားကြီးတစ်ယောက်လို တည်ငြိမ်နေပေသည်။ သူတို့ ရှေ့သို့ တိုးသွားရင်း Durotan ကို သူကြည့်နေမိသည်။ ဘိုးဘေးတို့၏ လှိုဏ်ဂူရှိ အံ့သြဖွယ်ရာများမှာ သူ့အတွက်တော့ ရိုးနေပြီ ဖြစ်သော်လည်း Durotan ကတော့ ထိုသို့ မဟုတ်ပေ။
သူ့မျက်လုံးများက ပြူးကျယ်နေပြီး ဘေးပတ်လည်ကို ကြည့်ရင်း ရှိုက်လိုက်မိသည်။ အလင်းရောင်မှာ ဂူအလယ်ရှိ ရေကန်မှ ထွက်ပေါ်နေခြင်းဖြစ်ပြီး နူးညံ့သော အဖြူရောင်အလင်းမှာ တစ်နေရာလုံးကို ဖြန့်ကျက်ထား၏။ အရာအားလုံးမှာ ပြေပြစ် နူးညံ့နေပြီး မှုန်မှုန်လေး လင်းနေသည်။ ချွန်ထက်သည့် ထောင့်ချွန်းများ ကြမ်းတမ်းသည့်နေရာများ လုံးဝ ကင်းစင်သည်။ ထို့နောက် ရင်းနှီးသော နက်နဲသည့် ငြိမ်းချမ်းမှုတစ်ခုက Kashur တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ Durotan နေရာတစ်ခုလုံးကို ငြိမ်သက်စွာဖြင့် သေချာကြည့်ခွင့်ပြုလိုက်၏။ လိုဏ်ဂူကြီးမှာ ကြီးမားလှသည်။ Kosh'harg ပွဲတော်တွင် တီးမှုတ်ကခုန်ကြသည့် အဓိကနေရာထက်ပင် ကျယ်ပြန့်သေး၏။ လှိုဏ်ဂူမှ ခွဲထွက်နေသည့် လှိုဏ်ခေါင်းများမှာ Kashur စိတ်ကူးဖြင့်ပင် မသွားရဲသည့် နေရာများသို့ လမ်းပေါက်သည်။ ဤလှိုဏ်ခေါင်းသည် အလွန့်အလွန် ကြီးမားရပေမည်။ သို့မဟုတ်ပါက ကွယ်လွန်သွားပြီးသော Orc တိုင်း၏ ဝိဉာဥ်တိုင်း ဘယ်နည်းနှင့် ဆန့်မည်နည်း။ သူက ရေရှိရာဆီသို့ လျှောက်သွားသောအခါ Durotan ကလည်း သူ့ကို အနီးကပ်ကြည့်၍ လိုက်သွား၏။ Kashur က သယ်လာသည့် အထုပ်အပိုးများကို ဖြေလိုက်ကာ သူ့ကိုလည်း ထိုသို့လုပ်ရန် လက်ဟန်ခြေဟန်ဖြင့် ပြသည်။ Kashur က ဂရုတစိုက်ဖြင့် ရေဘူးများကို ဖွင့်လိုက်ပြီး ဆုတောင်းစကားများပြောကာ အလင်းရောင်ထွက်နေသည့် ရေများထဲသို့ လောင်းထည့်လိုက်၏။
"ငါတို့ ထွက်လာတုန်းက ရေဘူးတွေက ဘာအတွက်လဲ လို့ နင် မေးခဲ့တယ် " သူက Durotan ကို ငြိမ်သက်စွာ ပြောသည်။
" ဒီထဲမှာ ရှိတဲ့ရေတွေက ဒီနေရာက လာတဲ့ ရေမဟုတ်ဘူး။ ဟိုးအရင်တုန်းက ဘိုးဘေးတွေဆီ မြင့်မြတ်တဲ့ရေနဲ့ ပူဇော်တဲ့ဓလေ့ကို ငါတို့ စခဲ့တယ်။ ဒီကိုလာတိုင်း ဒီမြင့်မြတ်တဲ့ရေကန်ထဲကို ရေလောင်းထည့်ခဲ့ကြတယ်။ ဒါပေမယ့်... ဘယ်လိုဖြစ်တာလဲတော့ မသိဘူး ရေတွေက ပုံမှန်ရေကန်ထဲမှာလို မပျော်ဝင်သွားဘူး။ အဲ့ဒါက ဒီ ဘိုးဘေး နတ်တောင်ရဲ့ ထူးခြားတဲ့ အစွမ်းပဲ"
ရေဘူးတွေအကုန်လုံး လောင်းထည့်ပြီးနောက် သူက အင့်ခနဲထိုင်ချလိုက်ပြီး အလင်းရောင်ထွက်နေသည့် ရေနက်ထဲသို့ အားစိုက်ကြည့်လိုက်သည်။ Durotan ကလည်း သူ့အတိုင်း လိုက်လုပ်၏။ Kashur က သူ့ပုံသူ ရေထဲ၌ ပြန်မြင်ရမြင့်နေရာကို သိသဖြင့် သူတို့နှစ်ယောက်လုံး နေရာတကျဖြစ်အောင် လုပ်လိုက်သည်။ ပထမတော့ သူ့မျက်နှာနှင့် Durotan မျက်နှာကိုသာ သူမြင်ရ၏။ ရိုးရိုးရေကန်နှင့်မတူဘဲ အဖြူရောင်ဖြစ်နေသည့် ရေကန်ထဲ ကြည့်နေသောကြောင့် သူတို့ပုံရိပ်တွေကလည်း ဝိဉာဥ်လိိုလိုဖြစ်နေသည်။
ထို့နောက် တတိယ ပုံရိပ်တစ်ခု ရောက်လာ၏။ ဘိုးဘိုး Tal'kraa က Kashur ပုခုံးဘေးတွင် လာရပ်နေသလို ပုံရိပ်မှာ သူတို့နှစ်ယောက်၏ ပုံရိပ်ကဲ့သို့ပင် ထင်ရှားသည်။ သူတို့ မျက်လုံးချင်းဆုံလိုက်သည့်အခါ Kashur က ပြုံးလိုက်လေ၏။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl