15
Durotan နှုတ်ခမ်းများ တဖြည်းဖြည်း ပြုံးသွားသည်။ နတ်သိကြားတွေ ဆောင်မလိုက်တာပဲ! နိမိတ်ကောင်းပင်ဖြစ်သည်။ တစ်ဖွဲ့လုံး၌ အတက်ကြွဆုံး အကျန်းမာဆုံး အမ! အဖွဲ့သွားရာနောက်ကို မလိုက်ဘဲ ကိုယ့်လမ်းကိုယ် ရွေးလျှောက်သူ! သို့သော် ထိုရွေးချယ်မှုကပင် သူ့ကို သေဆုံးစေမည် ဖြစ်သည်။ ထိုသေဆုံးမှုကပင် Durotan ကို ဂုဏ်တက်စေပြီး အရွယ်ရောက်သူတစ်ယောက်လို အသိမှတ်ပြုခြင်းခံရမည်ဖြစ်သည်။ နတ်သိကြားတို့က ထိုသို့အကြောင်းအရာများကို နားလည်ကြသည်။ အင်း... အနည်းဆုံးတော့ သူတို့နားလည်ကြသည် ဟု သူ့ကိုပြောထားကြသည် မဟုတ်ပါလော။
Durotan စောင့်ဆိုင်းခဲ့သည်။ နေဝင်ဆည်းဆာက ရောက်လာပြီး ပြန်လည် ထွက်ခွာသွားသည်။ နေလုံးကြီးက တောင်တန်းများနောက် ပျောက်ကွယ်သွားသည်။ နေဝင်သွားသည်နှင့်တစ်ပြိုင်နက် ချိနဲ့နေသော အနွေးဓာတ်ကလေးကလည်း ပျောက်ကွယ်သွားသည်။ သားရဲတစ်ကောင်၏ စိတ်ရှည်မှုမျိုးနှင့် Durotan စောင့်ဆိုင်းနေသည်။ နောက်ဆုံးတွင်တော့ တုန်လှုပ်အခြောက်ခြားဆုံး တစ်ကောင်သည်ပင် ခြေထောက်များကိုခွေခေါက်ကာ သူ့အပေါင်းအဖော်များနှင့်အတူ ဝင်ရောက် လှဲလှောင်းလိုက်သည်။
နောက်ဆုံးတွင် Durotan လှုပ်ရှားလိုက်သည်။ သူ့ခြေထောက်များမှာ အေးခဲနေ၍ သူ လဲကျမလိုပင်ဖြစ်သွားသည်။ သူပုန်းနေသော ကျောက်တုံးနောက်မှနေ၍ ဖြည်းဖြည်းချင်း တွားသွားကာ လျှောစောင်းတစ်လျှောက် ဆင်းချသွားသည်။ သူ့မျက်လုံးများက ငိုက်မြည်းနေသည့် talbuk မပေါ်တွင် စိုက်လျက်။ သူ့ခေါင်းက ရှည်လျားလှသည့် လည်ပင်းပေါ်တွင် ငိုက်စိုက်ကျနေကာ အသက်ရှူနှုန်း မှန်မှန်ဖြင့် ရှူနေသည်။ သူ့နှုတ်သီးဝတွင် အဖြူရောင် အငွေ့လုံး သေးသေးလေးများကို သူ မြင်နေရသည်။
ဖြည်းညင်းစွာပင် သူ့ခြေထောက်ကို တတ်နိုင်သမျှ ဂရုအစိုက်ဆုံး လှမ်း၍ သူ့သားကောင်ထံ အသေအချာသွားလိုက်သည်။ သူ အအေးဒဏ်ကို မခံစားရချေ။ မျှော်လင့်စောင့်စားမှု၏ ပူလောင်မှုနှင့် ကြီးမားသော အာရုံစူးစိုက်မှုတို့က မအီမသာ ခံစားချက်များ အားလုံးကိုဖယ်ရှားပေးနေသည်။ သူနီးသထက် နီးလာသော်လည်း talbuk မ ကမူ အိပ်မောကျနေဆဲဖြစ်သည်။
သူက သူ့ပုဆိန်ကို မြှောက်လိုက်သည်။ ထို့နောက် လွှားခနဲ ယမ်းချလိုက်သည်။
Talbuk မ ၏ မျက်လုံးများ ပွင့်လာသည်။
Talbuk မ က သူ့ခြေထောက်ကို ကုပ်ကတ်ကာ ပြေးရန်ကြိုးစားသော်လည်း သေမင်း၏ ရိုက်ချက်က သူ့ကို အရင်ထိသွားလေ၏။ သူ့အဖေ ခဏခဏ ဟစ်ကြွေးနေကျ တိုက်ပွဲအောင် ဟစ်ကြွေးသံကို Durotan က အော်ဟစ်ပစ်လိုက်ချင်သော်လည်း ပြန်လည် ထိန်းချုပ်ထားလိုက်သည်။ Talbuk တစ်ကောင်ကိုပင် သေချာမသတ်ရသေးခင် သူကိုယ်တိုင်က ထိုအုပ်ထဲရှိ အကောင် တစ်ဒါဇင်လောက်ထံမှ လက်စားချေခြင်းကို ခံနေရဦးမည်။ ပုဆိန်အသွားကို အံ့သြစရာကောင်းလောက်သည်အထိ ချွန်မြနေအောင် သူ သွေးထားခဲ့ရာ ထိုအသွားသည် ထူထဲသော လည်ပင်းကြီးနှင့် ကျောရိုးတို့အကြား ဒိန်ခဲကို ဖြတ်လိုက်သလို တိခနဲ ဖြတ်ဝင်သွား၏။ သွေးများပန်းထွက်လာကာ Durotan အပေါ် ညင်သာစွာ စဥ်သွားစဥ် သူ ရက်စက်စွာ ပြုံးလိုက်သည်။ ပထမဆုံး တစ်ယောက်တည်း သတ်ထားရသည့် သားကောင်၏ သွေးဖြင့် သူ့ကိုယ်သူ သုတ်လိမ်းခြင်းမှာ ရိုးရာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထို talbuk အမက သူ့အတွက် ပါရမီဖြည့်ပေးခဲ့သည်။ နောက်ထပ် ကောင်းသည့် နိမိတ်ပင်။
အတတ်နိုင်ဆုံး အသံမထွက်အောင် ကြိုးစားခဲ့သော်လည်း ဘေးဘီရှိအကောင်များ နိုးထလာသံကို သူ ကြားလိုက်သည်။ သူ အသက်ပြင်းပြင်းရှူကာပတ်လည်ကို ကြည့်လိုက်ပြီး သူ ဟစ်ကြွေးချင်နေခဲ့သည့် သွေးဆူစေသော တိုက်ပွဲအောင် ဟစ်သံကို သံကုန်အော်ဟစ်ပစ်လိုက်သည်။ သူ ပုဆိန်ကို ကိုင်မြှောက်လိုက်သည်။ သတ္တုရောင် တောက်ပနေခဲ့သည့် ဓားသွားက ကြက်သွေးရောင်သွေးများဖြင့် ဖုံးလွှမ်းကာ မပီမပြင်ဖြစ်နေသည်။ ထို့နောက် ထပ်မံ အော်ဟစ်လိုက်သည်။
Talbuk များက တုံ့ဆိုင်းသွားသည်။ အကောင်ကို တစ်ခါတည်း ပွဲချင်းပြီး သတ်နိုင်ပါက သူတို့သည် မတိုက်ခိုက်တော့ဘဲ တစ်ခါတည်း ထွက်ပြေးတတ်ကြသည်ဟု သူကြားဖူးသည်။ ပင်ကို ဗီဇအသိစိတ်ဖြင့် သူတို့ အဖော်ကို မကယ်နိုင်တော့ဟု သိသောကြောင့် ပြေးခြင်းဖြစ်သည် ဟုပြောကြသည်။ သူတို့ပြောတာ မှန်ပါစေဟု Durotan မျှော်လင့်မိသည်။ တစ်ကောင် နှစ်ကောင်လောက်ဆိုလျှင် သူ သတ်နိုင်မည်ဖြစ်သော်လည်း တစ်အုပ်လုံးက တိုက်ခိုက်ဖို့ ဆုံးဖြတ်ပါက သူတို့ခြေထောက်များအောက်တွင် သူ ဖွတ်ဖွတ်ညက်ညက်ကြေသွားမည်ပင်။
တစ်ပြိုင်နက်တည်းပင် သူတို့ နောက်သို့ဆုတ်သွားကြသည်။ ထို့နောက် နောက်ဆုံးတွင် နောက်သို့ ချာခနဲ လှည့်ကာ လှည့်ပြေးသွားကြသည်။ သူတို့ ကစုန်ပေါက် ပြေးလွှားသွားရင်း ပျောက်ကွယ်သွားကြသည်ကို သူ ကြည့်နေမိသည်။ သန့်ရှင်းသန့်ပြန့်နေသည့် နှင်းများပေါ်ရှိ ခြေရာခွက်များသည်သာ သူတို့ ထိုနေရာတွင် ရှိခဲ့သည့် တစ်ခုတည်းသော သက်သေပင်။
Durotan က ပုဆိန်ကို အောက်သို့ချလိုက်သည်။ ပင်ပန်းလွန်းသဖြင့် အသက်ရှူသံများ ဟောဟဲလိုက်နေ၏။ ပုဆိန်ကို ပြန်မလိုက်ပြီး ထပ်မံ အောင်ပွဲခံ ဟစ်ကြွေးလိုက်သည်။ ဟာလာဟင်းလင်းဖြစ်နေသည့် သူ့ဗိုက်ကို ယနေ့ည ဖြည့်ရတော့မည်။ သေသွားသည့် talbuk ၏ ဝိဉာဥ်သည် သူ့အိပ်မက်ထဲသို့ လာရောက်လည်ပတ်လိမ့်မည်။ နောက်နေ့မနက်တွင်တော့ သူ့အဖွဲ့ရှိရာဆီသို့ တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေသည့် အရွယ်ရောက်ပြီး လူကြီးတစ်ယောက်လို ပြန်သွားရပေမည်။
တစ်နေ့နေ့တွင် အဖွဲ့၏ ခေါင်းဆောင်ဖြစ်လာရန် အသင့်ဖြစ်နေပြီ။
" ဘာလို့ တစ်ခုခုစီးပြီးမသွားတာလဲ " Durotan က ကလေးတစ်ယောက်လို စိန်းစိန်းဝါးဝါးကြည့်ကာ စိတ်ကောက်နေဟန်ဖြင့် မေးသည်။
" ဒီဟာက အဲ့ဒီ့လို လုပ်လို့မရလို့ပေါ့ဟဲ့ " မိခင်ကြီး Kashur က စိတ်တိုဟန်ဖြင့် မချေမငံပြောကာ Durotan ခေါင်းကို ခေါက်လိုက်သည်။
Durotan မှာ ငယ်ရွယ်ပြီး ကျန်းမာရေးကောင်းသူ ဖြစ်သောကြောင့် ဘိုးဘေးတို့ရှိသည့် မြင့်မြတ်သောတောင်ပေါ်သို့ သွားရသည့် ရှည်လျားသော တောင်တက်လမ်းကို တက်ရာတွင် အခက်အခဲလုံးဝမရှိပေ။ သို့သော် မိခင်ကြီး Kashur အတွက်မူ ဝံပုလွေမည်းကြီး Dreamwalker ၏ ကျောပေါ်မှနေ စီး၍ တောင်တက်ရလျှင် အလွန်သက်သာမည်ဖြစ်သည်။ သို့သော် ရိုးရာဓလေ့များမှာ ရှေးကျပြီး အလွန် တိကျသည်။ သူ လမ်းလျှောက်နိုင်စွမ်းရှိသေးသရွေ့ လမ်းလျှောက်ရမည်သာဖြစ်သည်။ Durotan က နားလည်သဘောပေါက်သွားဟန်ဖြင့် ဦးညွတ်လိုက်ကာ ဆက်သွားကြသည်။
ဤခရီးကို သွားရသည်မှာ ယခင်သွားရသည့် ခရီးမျထက် ပိုမိုပင်ပန်းနေသော်လည်း စိတ်ညစ်မှုနှင့် ပင်ပန်းမှုတို့ကို လျှော့ချပေးနေသည့် စိတ်လှုပ်ရှားမှု တစ်မျိုးကို မိခင်ကြီး Kashur ခံစားနေရသည်။ တူတူ တန်ဖိုးထားခြင်းခံရသော ယောက်ျားလေးရော မိန်းကလေးရော နှစ်မျိုးလုံးဖြစ်သည့် ကလေးများကို အရွယ်ရောက်ခြင်း၏ နောက်ဆုံးအပိုင်းဖြစ်သည့် တောင်ပေါ်သို့ သူခေါ်သွားခဲ့သည်မှာ များလှပြီဖြစ်သည်။ သို့သော် ဘိုးဘေးများက ကလေးတစ်ယောက်ကို ရှေ့မှောက်သို့ တကူးတက ပို့ပေးရန် တောင်းဆိုခြင်း မခံရဖူးချေ။ သူ့ အသက်ကလည်း ကြီးလှပြီဖြစ်သည်။
လူငယ်များအတွက်တော့ နာရီအနည်းငယ်သာ သွားရသောခရီးဖြစ်သော်လည်း လူကြီးအတွက်မူ တစ်ရက်ခန့် အချိန်ယူရသည်။ ညနေစောင်းလာပြီ ဖြစ်ပြီး သူတို့လည်း ရောက်ခါနီးပြီဖြစ်သည်။ မိခင်ကြီး Kashur က မြင်နေကျဖြစ်သည့် တောင်ကို မော့ကြည့်ပြီး ပြုံးလိုက်သည်။ ပုံစံအမျိုးမျိုးဖြစ်နေသည့် အခြားတောင်များနှင့်မတူဘဲ Oshu'gan တောင်စောင်းများမှာ တြိဂံပုံ အတိအကျဖြစ်နေသည်။ သူ့မျက်ကွက်များက နေအလင်းရောင်ကို အလင်းပြန်နေကာ ကျောက်သားကဲ့သို့ အရောင်တောက်ပနေ၏။ ၎င်းသည် ပတ်ဝန်းကျင်ရှိ မြေသားနှင့် နည်းနည်းလေးမျှ မဆင်ပါချေ။ ထိုတောင်ကြီးသည် ရှေးရှေးတုန်းက ကောင်းကင်ဘုံမှ ကျလာခြင်းဖြစ်ပြီး နတ်သိကြားဝိဉာဥ်များအား ခိုနားစေသည်။ ထို့ကြောင့် Ore များသည် မြင့်မြတ်သော တောင်၏ အရိပ်တွင် အခြေချခဲ့ခြင်းဖြစ်သည်။ မည်မျှပင် ရန်ဖြစ်စကားများပြီး အမြင်မတူဖြစ်ကြပါစေ ဤတောင်၌တွင်မူ သူတို့သည် တစ်စိတ်တစ်ဝမ်းတည်းသာဖြစ်သည်။ သူ ဒီနေရာသို့ နောက်တစ်ခေါက် ထပ်လာရဦးမည် ဖြစ်ကြောင်း သူသိသည်။ သို့သော် ချိနဲ့ကာ ထော့နင့်ထော့နင်း ဖြစ်နေသည့် အဘွားကြီး တစ်ယောက် အနေဖြင့်တော့ မဟုတ်ပေ။ ပျက်စီး ယိုယွင်းနေသည့်ကိုယ်ဖြင့် ဒီကို လာခြင်းမှာ နောက်ဆုံးအကြိမ်ပင်ဖြစ်ပါသည်။ Oshu'gan သို့ Kashur နောက်တစ်ခါ လာလျှင် သူက နတ်တစ်ပါး အဖြစ်လာမည်ဖြစ်သည်။ ငှက်ကလေးများ လေတွင် ပျံသကဲ့သို့ လေတွင် ပျံနေမည်ဖြစ်ပြီး သူ့ စိတိနှလုံးကလည်း သစ်လွင်လန်းဆန်း ပေါ့ပါးနေပေမည်။
"ဘာဖြစ်လို့လဲ အမေ?" Durotan ကမေးသည်။ သူ့အသံတွင် စိုးရိမ်မှုက အတိုင်းသားပေါ်နေ၏။
သူ မျက်တောင်ခတ်လိုက်ကာ အတွေးနယ်ချဲ့နေခြင်းကို ရပ်လိုက်ပြီး သူ့ကို ပြုံးပြလိုက်သည်။
"ဘာမှ မဖြစ်ပါဘူးကွယ်" သူက ရိုးသားစွာ အခိုင်အမာ ပြောလိုက်၏။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl